မစုစုလှိုင်နှင့် Private Education အကြောင်း အင်တာဗျူး

 ပြည်တွင်း၌ Private University တစ်ခုဖွင့်မယ်ဆိုရင်

    ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှ စ၍ပြည်တွင်း၌ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပုဂ္ဂလိကကျောင်းများဖွင့်လှစ်မှုရှိလာသည် ကိုဂရုပြုမိကြပေမည်။ ကျောင်းသားအများစုကလည်း စိတ်ဝင်စားမှုရှိကြသလိုပြည်မတက္ကသိုလ်များသို့ သွားရောက်ပညာသင်မှုနှုန်းထားမှာလဲ ယင်းကျောင်းများစတင်ဖွင့်လှစ်သည့် အချိန်မှ စ၍ လျော့နည်းစပြုလာခဲ့သည်။ ထိုသို့ကျောင်းသားအများစု စိတ်ဝင်စားမှုရှိနေသည့် Private University များ၏ ရှိထားရမည့် လိုအပ်ချက်များနှင့် ယင်းကျောင်းများဖွင့်လှစ်ခြင်းအားဖြင့် မြန်မာကျောင်းသားများ မည်ကဲ့သို့ အကျိုးရှိနိုင်မည်ကို သိရှိရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိကကျောင်းများနှင့် ပတ်သတ်၍ Myanmar Search International Education Consultancy မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်နှင့် ပြောဖြစ်ခဲ့ပုံတွေကတော့…။

    Private University ကို Independent School ဟု ခေါ်ဆိုနိုင်သလို Nonstate School ဟူ၍လည်း ခေါ်ဆိုနိုင်ကြသည်။ ၎င်းကျောင်းများသည် ဖွင့်လှစ်ထားသည့် နိုင်ငံတော်၏ပညာရေးဆိုင်ရာ အုပ်ချုပ်မှုအောက်၌ အပြည့်အ၀မရရှိကြဘဲ နိုင်ငံတွေပေါ်မူတည်ပြီး အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်းကွဲပြားခြားနားမှုရှိသည်။ Private ဖွင့်ရင်ဘယ်လိုဖြစ်သင့်လဲ ဥပမာ- စင်ကာပူနိုင်ငံဆိုကြပါစို့၊ Council for Private Education (CPE) ရှိပြီး ယင်းအဖွဲ့အစည်းက ပညာရေးဆိုင်ရာ ဥပဒေပြုအခွင့် အာဏာရရှိထားတဲ့ ပုဂ္ဂလိကပညာရေးကောင်စီအဖွဲ့အစည်း တစ်ခုဖြစ်သည်။ သို့သော် စင်ကာပူနိုင်ငံတွင် သက်တမ်း 6-year Certificate ရရှိထားသောကျောင်းများ မရှိသေးပါ။ မလေးရှားနိုင်ငံတွင်လည်း မလေးရှားပညာရေးဝန်ကြီးဌာန(Ministry of Education: MOE) ၏လက်အောက်၌အစိုးရနှင့် ပုဂ္ဂလိကနှစ်မျိုးလုံးကို အခြေခံပညာတန်းမှ စပြီးတက္ကသိုလ်အဆင့်ထိ အုပ်ချုပ်နေသည်ကို တွေ့မြင်ရသည်။ ကျောင်းများကို နှစ်စဉ်ဝင်ပြီး စစ်ဆေးသလို စစ်ဆေးမှုတွေ့ရှိချက် ပေါ်မူတည်ပြီး ကျောင်းတွေအဆင့် အတန်းခွဲခြားသတ်မှတ်ကြသည်။

    ဘယ်လိုမျှော်လင့်လဲ

    ပညာရေးဆိုင်ရာ အသိုင်းအ၀ိုင်းနှင့် စီးပွားရေးဆိုင်ရာ အသိုင်းအ၀ိုင်းပါ အားလုံးစိတ်ဝင်စားလာနိုင်မည်ဖြစ်ပြီး ပညာရေးဖြင့် အကျိုးအမြတ်ကို ဟန်ချက်ညီညီ တကယ်လုပ်ဆောင်နိုင်ရမည်။ ပညာရေးသည် တိုင်းပြည်တစ်ခု တိုးတက်ရန်အဓိက မဏ္ဍိုင်တစ်ခုဖြစ်သောကြောင့် ပညာရေးကို ကိုယ်ကျိုးစီးပွားရေးတစ်ခုတည်း အတွက်မကြည့်ဘဲ တန်ဖိုးထားထိန်းချုပ်ကွပ်ကဲသင့်သည်။

    မလေးရှားနိုင်ငံတွင် Outstanding ဖွင့်မည်ဆိုပါက ပညာရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှု လက်အောက်ရှိသင့်ကြောင်း ပညာရေးဝန်ကြီးလက်အောက်တွင် တိုက်ရိုက်မရှိပါက Authority အပြည့်အ၀ရရှိထားသော နိုင်ငံတကာပညာရေးစနစ်ကို တစိုက်မတ်မတ်ဦးတည်လုပ်ဆောင်နိုင်မည့် စစ်မှန်သည့်ပုဂ္ဂိုလ်များပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု၏ ထိန်းချုပ်မှု လက်အောက်တွင်သာ ရှိသင့် သည်ဟု ထောက်ပြခဲ့သည်။

    ကျောင်းသားများနှင့်မိဘများ အတွက်မရှိမဖြစ်လိုအပ်သည်မှာ တက္ကသိုလ်မှန်ပါက တက္ကသိုလ်တစ်ခု တွင်ရှိသင့်ရှိထိုက်သော Facilities တွေ လိုအပ်ခြင်းဖြစ်သည်။ ဥပမာ- Science ဘာသာရပ်ကို သင်မည့် ကျောင်းသားများအတွက် မရှိမဖြစ်လိုအပ်သော အလုပ်ရုံနှင့် ဓါတ်ခွဲခန်းဆိုင်ရာ သင်ထောက်ကူ စက်ပစ္စည်းတွေရှိရန်လိုအပ်သလို စက်ပစ္စည်းထားခဲ့ရုံနှင့်သာ မရပဲ ကျောင်းသားများလက်တွေ့ကျကျ အသုံးပြုခွင့်ပေးရမည်ဖြစ်သည။ အဓိက အားဖြင့် ကျောင်းသားနှင့်မိဘကုန်သွားသော ငွေကြေးပမာဏနှင့် ထိုက်တန်သည့် ပညာအရည်အသွေးများကို ပေးနိုင်သည့် Private Universities များဖြစ်ရန်လိုအပ်ပေသည်။ တက္ကသိုလ် တစ်ခု၏ အဆင့်အတန်းဆိုသည်မှာ ယင်းတက္ကသိုလ်၌ ရှိသင့်သော စာကြည့်တိုက်ပေါ်မူတည်သောကြောင့် ကျောင်းသင်ရိုးညွှန်းတန်းအပြင် ကျောင်းသားများ အခြားဗဟုသုတ ရစေနိုင်မည့် စာအုပ်ကောင်းများထားရှိသင့်မည် ဖြစ်သည်။

    နိုင်ငံတကာ အဆင့်မီတက္ကသိုလ် တစ်ခုဖွင့်နိုင်ခဲ့မည်ဆိုလျှင် ထိုတက္ကသိုလ်က ဘွဲ့ရအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများလုပ်ငန်းခွင် ၀င်သည့်အခါ နိုင်ငံတော်အစိုးရအဖွဲ့အစည်းနှင့် ပုဂ္ဂလိက အဖွဲ့အစည်းဟူသည် ပြည်တွင်းပြည်ပ နှစ်ခုစလုံးကိုရည်ညွှန်းခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခုဖြစ်သောကြောင့် အောင်လက်မှတ်များသည် နိုင်ငံတကာတွင် ဝင်ပြီး ယှဉ်ပြိုင်နိုင်လောက်သည့်အဆင့်အတန်းရှိရန်လိုအပ်သည်။

    ပြည်ပတက္ကသိုလ်တွေနှင့် ပူးပေါင်းဖွင့်လျှင်

    ပြည်တွင်းတက္ကသိုလ်တွေက နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဖွင့်လှစ်တော့မည်ဖြစ်သည်။ သို့သော် University ၏အဆင့်နှင့်ကိုက်ညီသော Campus အနေဖြင့် ဖွင့်သင့်သလို မြန်မာနိုင်ငံ၌ လက်ရှိတက္ကသိုလ် အဆင့်နှင့် ကိုက်ညီသည်ဟု ထင်ရသော အနောက်နိုင်ငံများ၏ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားနေသော ကျောင်းများရှိပါသည်။ သင်ရိုးညွှန်းတမ်းများက အနောက်နိုင်ငံများမှ ဖြစ်နေသော်ငြားလည်း ဆရာမများ ၏သင် ကြားပုံ၊ သင်ကြားနည်း၊ ကျောင်းသားငယ်သင်ယူနည်း လေ့လာနည်းများက ကွဲပြားခြားနားနေသောကြောင့် ရသင့်သည့် အရည်အချင်းမျိုးမရရှိဘဲ ဖြစ်နေသည်ကို သဘောပေါက်ရန်လိုအပ်သည်။ ယနေ့ခေတ်နိုင်ငံတကာ ကျောင်းသားများ၏ လေ့လာပုံက စာတွေ့ထက် လက်တွေ့ပိုများနေတတ်ပြီး E-Learning System ကို Online မှတဆင့် သင်ယူနေကြသည်။ ဆရာသင်ကြားမှုကိုတိုက်ရိုက်မှတ်ယူတာထက် မိမိဘာသာ Research လုပ်တာကို ပိုမိုစိတ်ဝင်စားကြသည်။ သင်ကြားမှုပိုင်းဆိုင်ရာ တရားဝင်လိုင်စင်ရ နိုင်ငံခြားသား အသိပညာရှင် အတတ်ပညာရှင်ဆရာအချို့နှင့် မြန်မာနိုင်ငံသား အသိပညာရှင် အတတ်ပညာရှင်ဆရာအချို့နှင့် မြန်မာနိုင်ငံသားလိုင်စင်ရ ထူးချွန်ပညာရှင်တွေကိုလည်း ထိုက်သင့်သည့် လစာပေးရမည်။ ကျောင်းသားအရေအတွက်နှင့် ဆရာ၊ ဆရာမအရေအတွက် အချိုးညီရမည်။ ထို့ကြောင့် ကုန်ကျစရိတ်ပိုတိုးပေးနိုင်မည့် အဆိုပါအကျိုးရလဒ်ကတော့ ပြည်ပနိုင်ငံများ၏ တိုးတက်သော သင်ရိုးညွှန်းတမ်းများ အတတ်ပညာ၊ နည်းပညာတွေဖြင့်သင်ကြားပုံ၊ သင်ကြားနည်းစနစ်များကို ဘွဲ့ဒီဂရီတခုအတွက် ပညာသင်နှစ် လေးနှစ်ကြာမယ်ဆိုပါစို့။ နှစ်နှစ်ကိုအမိမြန်မာနိုင်ငံမှာတက်၊ ကျန်နှစ်နှစ်ကို အနောက်နိုင်ငံမှာ သွားပြီး ပညာသင်ရမည်ဆိုပါက ထိုနိုင်ငံ၏ Exposure ရရှိမည်ဖြစ်သည်။ ကုန်ကျစရိတ် အချို့သက်သာမည်။ Post Graduate (Master/PhD) ဆက်လက်သင်ယူမည့် ကျောင်းသားများကလည်း ရရှိခဲ့တဲ့ ဘွဲ့ဒီဂရီ Certificate က အာမခံချက်ပေးနိုင်ပြီး ပညာသင်ဆုကိုလည်းအထောက်အကူပြုနိုင်မည့် လက်မှတ်တစ်ခုဖြစ်ပါက နိုင်ငံတော်နှင့် ကျောင်းသားများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ အမှန်တကယ် အရည်အချင်းပြည့်မှီသည့် တက္ကသိုလ်တစ်ခုဖြစ်ပါက တကယ်ထူးချွန်သော ပညာတတ်များ မွေးထုတ်ပေးနိုင်ရုံသာမကဘဲ နိုင်ငံတကာအဖွဲ့အစည်းများပါ (Research) သုတေသနအတွက် ထောက်ပံ့ငွေပေးနိုင်သည့် ထူးချွန်အရည်အချင်းများဖြင့်စံချိတ် စံညွှန်းမီဖို့ လိုအပ်ပေသည်။

Comments

There are no comments

Posting comments after three months has been disabled.