10599160_1666557440250813_943944910401205195_n.jpg

khin khin Myat Thu Hlaing Interview

မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသုများအတွက် 
*****ရည်ရွယ်ချက်ရှိရှိ သင်တန်းတက်တာအကောင်းဆုံးပါ။ ရည်ရွယ်ချက်မရှိရင်တော့ အဖိုးတန်လှတဲ့ အချိန်နဲ့ငယ်ရွယ်မှုကို ဖြုန်းတီး ပစ်နေတာဖြစ်ပါလိမ့်မယ်။ သင်တန်းတစ်ခုတက်မယ်ဆိုရင် ပေါ်ပင်ဖြစ်လို့၊ ဟိုလူတက်လို့၊ ဒီလူတက်လို့လိုက်တက်တာမဟုတ်ဘဲ ကိုယ့်အတွက် ဘယ်လောက်အသုံးဝင်မလဲ၊ အထောက်အပံ့ပေးမလဲ၊ သင်တဲ့ဆရာတွေအရည်အချင်းပြည့်မီရဲ့လား၊ ရလာမဲ့လက်မှတ်က ရော ကြေညာထားတဲ့နိုင်ငံ၊ အဖွဲ့အစည်းကပေးတာဟုတ်ရဲ့လား၊ သင်ကြားပုံ၊ သင်ကြားနည်းရော ကောင်းမွန်ရဲ့လား စတဲ့မေးခွန်းတွေကို မေးကြည့်ဖို့၊ ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

နိုင်ငံခြားသွားမှာဖြစ်တဲ့အတွက် ကိုယ်သွားမဲ့နိုင်ငံရဲ့ဘာသာစကားကိုတော့ ရေး၊ ဖတ်၊ ပြော၊ နားထောင် (4 Skills) အကုန်လုံး ကျွမ်းကျင်နေရင် အကောင်းဆုံးပါပဲ။ ကျောင်းဝင်ခွင့်မရသေးဘူးဆိုရင်တော့ ကျောင်းကလိုအပ်ချက်တွေဖြစ်တဲ့ TOEFL, IELTS, SAT စတဲ့ Test တွေအတွက် အထောက်အပံ့ပေးတဲ့ သင်တန်းတွေတက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် MSI နဲ့ သေချာဆွေးနွေးပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းပါတယ်။*****
လို့  အကြံပြုပေးသွားတဲ့ ကျောင်းသူ ခင်ခင်မြတ်သူလှိုင်နှင့်တွေ့ဆုံခြင်း

 
 

၁။ အမည်၊ အသက်၊အလုပ်အကိုင်နှင့်ရာထူး
  မခင်ခင်မြတ်သူလှိုင်၊ ၂၆နှစ်  Investment Associate @ Andaman Capital Partners
 
၂။ WUT မှာ scholarship ရခဲ့တဲ့အကြောင်းနဲ့ % ဘယ်လောက်ရခဲ့လဲ၊ ဘယ်နှစ်ခုနှစ်ကရခဲ့လဲ၊ ဘယ်ဘာသာရပ်ကိုရွေးချယ်ခဲ့လဲ။
 
                အမေရိကန်နိုင်ငံ DePauw University မှာတက်နေရင်း Study Abroad Program ကို South East Asian မှာရှိတဲ့ University တစ်ခုခုမှာလုပ်ချင်ခဲ့ပါတယ်။ Study Abroad Program ဆိုတာ Bachelor’s Degree ရဖို့တက်ရတဲ့လေးနှစ်အတွင်း semester တစ်ခု သို့မဟုတ် နှစ်ခုကို ကိုယ်လက်ရှိတက်နေတဲ့ကျောင်းမဟုတ်ပဲ American Accreditation (အမေရိကားအသိအမှတ်ပြုတဲ့) တခြား University တစ်ခုမှာသွားတက်တာပါ။ အဲလိုလုပ်ဖို့ ကျောင်းတွေလိုက်ကြည့်ရင်း St.Louis, USA မှာရှိတဲ့ Webster University က Thailand မှာလဲရှိတယ်ဆိုတာ သိခဲ့ရပါတယ်။၂၀၁၁ December ပိတ်ရက် မြန်မာနိုင်ငံကိုပြန်တော့ အင်တာနက်ဂျာနယ်ထဲမှာ MSI-Myanmar Search International ရဲ့ WUTC Webster University Thailand Campus အတွက် Seminar ကြော်ငြာကိုတွေ့တော့ ထပ်စုံစမ်းရင်း ၂၀၁၂ May မှာ Study Abroad Program အဖြစ်လျောက်ထားဖြစ်ခဲ့တာပါ။ Semester တစ်ခုအပြီးမှာ ကျောင်းကို သဘောကျတာကြောင့် အပြီးအထိ ဆက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Scholarship ကတော့ ၁၀၀% ပါ။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာလည်း Departmental Scholarship  တွေထပ်မံရရှိခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး (International Relations) နဲ့ စိတ်ပညာ (Psychology) ဘာသာရပ်၂ခုကို Double Major အဖြစ်တစ်ပြိုင်နက် လေ့လာခဲ့ပါတယ်။
၃။ အမေရိကန်မှာကျောင်းတက်ခဲ့တဲ့ကျောင်းအမည်၊ ပညာသင်ဆုပေးခဲ့တဲ့အဖွဲ့အစည်း၊ အမည်ကိုပြောပြပေးပါ။ ဘယ်လိုအချက်တွေ ကြောင့် ရွေးချယ်ခံခဲ့ရလဲ။ ငယ်စဉ်ကတည်းက လှုပ်ရှားခဲ့တဲ့ activities တွေကို ရေးပေးပါ။
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ DePauw University မှာတက်ရောက်ခဲ့ပြီး Cetana Educational Foundation  ကတစ်ဆင့် ပညာသင်ဆုရရှိခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ ကျောင်းတွေကနေသတ်မှတ်ထားတဲ့လိုအပ်ချက်တွေဖြစ်တဲ့ GCE, TOEFL, SAT I & SAT II စတာတွေကို ပြည့်စုံအောင် လုပ်ခဲ့ပါတယ်။
ဒုတိယအနေနဲ့ လူမှုရေး ဆောင်ရွက်ချက်တွေဖြစ်တဲ့ I.C.E Youth Library, Mary Chapman School, C.S.I   Social worker    Volunteer  တွေလုပ်ခဲ့ပါတယ်။ အဲဒီလိုမျိုး အဓိကလိုအပ်ချက်တွေအပြင်   Scholarship  အတွက်ပြင်ဆင်မှုအနေနဲ့ ၀ူရှုူး၊ ထိုက်ကျိချွမ်၊ မြန်မာအကတွေကို တစ်ချိန်ထဲမှာ ပြင်ဆင်လေ့လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေခံပညာရေးကို ကိုးတန်း (Grade X) အထိလေ့လာသင်ယူခဲ့ပါတယ်။ ညီမမေမေက ဆရာမဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက ဘက်စုံပညာရေးကိုအားပေးခဲ့ပြီး အင်္ဂလိပ်စာအခြေခံကောင်းအောင်နွေရာသီတိုင်းမှာလေ့ကျင့်ခဲ့ရပါတယ်။ ကိုးတန်း အထိရခဲ့တဲ့ မြို့နယ်၊ တိုင်း ၊ဗဟိုအဆင့်ထိရရှိခဲ့တဲ့ ဆုပေါင်း(၇၀) ကျော်က Scholarship အတွက် အထောက်အကုဖြစ်ခဲ့ပါတယ်။


၎။ နိုင်ငံခြားမှာပညာသင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုပြန်လာပြီးလုပ်ငန်းခွင်ဝင်တဲ့အခါ ခံစားခွင့်ဘာတွေရလဲ၊ ဖြေလိုရရင်ဖြေပေးပါ။ နိုင်ငံခြားမှာပညာသင်ခဲ့တဲ့ အထောက်အပံ့အကျိုးကျေးဇူးအနေနဲ့ တကယ်လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ တွေကို ဘယ်လိုကျော်လွှားဖြေရှင်းခဲ့လဲ။
နိုင်ငံခြားပြန်ဘွဲ့ရ (Repatriate) တစ်ယောက်အနေနဲ့ အတွေ့အကြုံပိုင်း၊ အတွေးအခေါ်ပိုင်း၊ ဘာသာရပ်ပိုင်း ဆိုင်ရာတွေမှာ အားသာတယ်လို့ အလုပ်ရှင်တွေကယူဆတဲ့အတွက် ငွေကြေးဆိုင်ရာအားဖြင့် ပိုမိုအကျိုးခံစားခွင့်ရရှိပါတယ်။ ညီမရဲ့မိခင်ကျောင်းဖြစ်တဲ့ DePauw University ၀င်ပေါက်မှာ “Relay for Life” ဘ၀အတွက်ပေါင်းကူးတစ်ခု ဆိုတဲ့စာစုလေးရေးထိုးထားပါတယ်။ ဆိုလိုတာက တက္ကသိုလ်ဆိုတာ ဘ၀ (လုပ်ငန်းခွင်) အတွက်ပြင်ဆင်ပေးတဲ့နေရာပါ။ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေအပြင် ကျိုးကြောင်းစပ်ဆက် စဉ်းစားချင့်ချိန်နိုင်စွမ်း (Critical Thinking)၊ သုတေသနနဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်း (Research & Analytical Skills)၊ ပတ်ဝန်းကျင်သစ်တစ်ခုကို ပြောင်းလဲရပ်တည်နိုင်စွမ်း (Adaptability)၊ စိတ်ဖိစီးမှုနဲ့အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း (Stress & Time Management) စတာတွေကို တက္ကသိုလ်ကျောင်းသားဘ၀မှာထဲက မဖြစ်မနေသင်ယူအသုံးချခဲ့ရတဲ့အတွေ့အကြုံတွေကြောင့် လုပ်ငန်းခွင်မှာ အခက်အခဲအတော်များများကို မတုန်မလှုပ်ပဲဖြေရှင်းနိုင်ပါတယ်။
 
၅။ ၁၀တန်းအောင်မြင်ပြီး နိုင်ငံခြားကျောင်းသွားတက်မဲ့ကျောင်းသား၊သူအနေနဲ့ ပညာရေးလူမှုရေးနှင့် ပတ်သက်ပြီး ဘယ်လို အကြံဥာဏ်ပေးချင်လဲ။
Do research, ask questions, have fun but be safe, make the best out of college
နိုင်ငံခြားမှာကျောင်းသွားတက်တယ်ဆိုတာ တချို့အတွက်တော့အိမ်မက်တစ်ခုကိုခက်ခက်ခဲခဲ ပုံဖော်ရတာဖြစ်နိုင်သလို တချို့အတွက်တော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလဲဖြစ်နိုင်ပါတယ်။ (မိဘတွေကတတ်နိုင်ပြီး ငယ်စဉ်ကထဲကကြိုတင်အစီအစဉ် ဆွဲထားတယ်ဆိုရင်)။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသွားတက်မဲ့ မောင်ငယ်၊ ညီမငယ်တွေကို Make the best use of your resources (ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေကိုအကောင်းဆုံး အသုံးချပါ) လို့ မှာချင်ပါတယ်။ ကိုယ့်မှာရှိတဲ့အရင်းအမြစ်တွေဆိုတာကတော့ အချိန်၊ ငွေ၊ ကျန်းမာရေး စတာတွေပါ။ အဲဒီထဲမှာအရေးကြီးဆုံးကတော့ အချိန်ပါပဲ။ ကုန်သွားတဲ့အချိန်တွေပြန်အစားထိုးလို့မရပါဖူး။
ဒါကြောင့် (၁) ကိုယ်လေ့လာချင်တဲ့ဘာသာရပ်နဲ့ သွားချင်တဲ့တက္ကသိုလ်၊ နိုင်ငံတွေကို သေသေချာချာလေ့လာဆုံးဖြတ်ပါ။
(၂) အတွေ့အကြုံရှိသူတွေ၊ ပညာရေးအေဂျင်စီတွေ၊ ကိုယ်တက်မဲ့ကျောင်းကလူတွေကို ကိုယ်သင်ယူမဲ့ဘာသာရပ်နဲ့ပတ်သက်တဲ့၊ ကိုယ့်အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးဖို့ဝန်မလေးပါနဲ့။
(၃) အန္တရာယ်ကင်းကင်းနဲ့ပျော်စရာရှိတာပျော်ပါ။ တက္ကသိုလ်ဆိုတာ လူ့ဘ၀ရဲ့ပျော်စရာအကောင်းဆုံး (၄)နှစ်လို့ဆိုကြပါတယ်။ ညီမတို့ကျောင်းစတက်ခါစမှာတော့ “S” သုံးလုံး - Studying, Sleeping and Social Life ကို Balanced ဖြစ်အောင် လုပ်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ စာချည်းပဲလုပ်နေစရာမလိုပါဖူး။ Time Management  ကိုသေချာလုပ်နိုင်ရင် ကျောင်းကလုပ်တဲ့ Social Events တွေမှာ နိုင်ငံပေါင်းစုံကသူငယ်ချင်းအသစ်တွေနဲ့ အတွေ့အကြုံသစ်တွေအတွက်လည်း အချိန်ပေးသင့်ပါတယ်။ နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်ပါတယ်။
၆။ ကျောင်းရောက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်လဲ၊ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်လဲ။
ပတ်ဝန်းကျင်အသစ်၊ နေရာအသစ်မှာ အစားအသောက်၊ အနေအထိုင်အစအဆုံး ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ရတဲ့အခါ အရင်ဆုံး အိမ်လွမ်းနာကျ (Home Sickness) မှာဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်စိတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်။ အခုခေတ်မှာ နည်းပညာနဲ့လမ်းပန်းဆက်သွယ်ရေးတွေ အရှိန်အဟုန်နဲ့တိုးတက်လာတာကြောင့် ဒီအခက်အခဲကို ရင်ဆိုင်ဖို့သိပ်မခက်လှပါဘူး။
ဒုတိယကတော့ စာသင်ခန်းထဲက ဘာသာစကားအခက်အခဲဖြစ်ပါလိမ့်မယ်။ ဆရာတွေနဲ့ အတန်းဖော်တွေ အင်္ဂလိပ်စကားပြောတဲ့ နေရာမှာ မတူညီတဲ့လေယူလေသိမ်း (Accent) တွေရှိပါလိမ့်မယ်။ ဒါကို ကျော်ဖြတ်ဖို့တော့ အချိန်နည်းနည်းပေးရနိုင်ပါတယ်။ မေးခွန်းတွေ မေးဖို့ မကြောက်ပါနဲ့။ ဆရာတွေက ကိုယ့်ကိုကူညီဖို့အသင့်ရှိပါတယ်။ နားမလည်တာ၊ မရှင်းတာကို စာသင်ခန်းထဲမှာ မမေးချင်ရင် စာသင်ချိန်ပြင်ပရုံးခန်းထဲမှာတွေ့ဖို့ request လုပ်လို့ရပါတယ်။ ကျောင်းတွေမှာ ကျောင်းသားတစ်ဦးချင်းစီကို Assign လုပ်ထားပေးတဲ့ Advisor  တွေလဲရှိပါတယ်။ သူတို့နဲ့လည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်လို့ ရပါတယ်။
နောက်ဆုံးအရေးကြီးတာတစ်ခုကတော့ အတန်းတွေယူတဲ့နေရာမှာပါ။ ကိုယ်ဘွဲ့ရဖို့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ခက်တဲ့အတန်းနဲ့ လွယ်တဲ့အတန်းကို မျှမျှတတယူတတ်ဖို့ပါ။ ဒါကလဲ Advisor တွေ ကိုယ့်ထက်အတန်းကြီးတဲ့ senior တွေနဲ့တိုင်ပင်လို့ရပါတယ်။ ဘာသာရပ်တစ်ခုကိုပဲ ခက်တဲ့ဆရာနဲ့သင်တဲ့အချိန်၊ လွယ်တဲ့ဆရာနဲ့သင်တဲ့အချိန်ဆိုပြီးလည်း ရှိတတ်ပါတယ်။ ခက်တဲ့ဆရာနဲ့တိုးရင် ပင်ပန်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပညာရပါတယ်။ မျှမျှတတယူတတ်ရပါမယ်
နိုင်ငံတကာကျောင်းသားတစ်ယောက် (International Student) တစ်ယောက်အနေနဲ့ ရတဲ့အခွင့်အရေးတွေ (Student Clubs, Internships, Conferences) ဘာတွေရှိလဲအမြဲနားစွင့်ပြီး တက်တက်ကြွကြွပါဝင်ဖို့လဲတိုက်တွန်းလိုပါတယ်။ ဒီအတွေ့အကြုံတွေက အလုပ်လျှောက်တဲ့အခါ အများကြီး စကားပြောပါတယ်။

၇။ ယခုလက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးကိုဘယ်လိုသုံးသပ်လဲ၊ ထိုင်း၊ အမေရိကန် အရှေ့တောင်အာရှမှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံ တွေနဲ့နှိုင်းယှဉ်ပြီးပြောပေးပါ။
မြန်မာနိုင်ငံရဲ့ပညာရေးမှာ အခြေခံပညာအဆင့်ရော၊ အဆင့်မြင့်ပညာရေးမှာပါ ရှိသမျှစာအကုန်အလွတ်ကျက်တဲ့ အလေ့အထ ကနေ ဒီစာတွေနဲ့လက်တွေ့ကိုစပ်ဆက်အသုံးချတတ်အောင်ပျိုးထောင်ပေးတဲ့ အလေ့အထကို ပြောင်းလဲကျင့်သုံးသင့်တယ်လို့မြင်ပါတယ်။ တချို့နေရာတွေအလွတ်ကျက်ရမှာမှန်ပါတယ်။ ဒါပေမဲ့ အကုန်လုံး “၏၊သည်၊၍” မလွဲကျက်စရာတော့မလိုပါဘူး။ ဒါ့အပြင် Critical Thinking နဲ့ ဖတ်စာအုပ်မှာပါသမျှ၊ ဆရာပြောသမျှမျက်စိမှိတ်မယုံဘဲ မေးခွန်းပြန်ထုတ်တတ်တဲ့အလေ့အကျင့်ကိုလည်း ပျိုးထောင်ပေးရပါမယ်။
ညီမအတွေ့အကြုံအရပြောရရင် ထိုင်းနိုင်ငံက အခြေခံပညာရေးမှာ Critical Thinking အပိုင်းအားနည်းနေပါသေးတယ်။ တရုတ်နိုင်ငံမှာလည်း တက္ကသိုလ်အဆင့်အထိ အလွတ်ကျက်တဲ့ အလေ့အကျင့်ရှိတာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ Liberal Arts Education ကတော့ Critical Thinking နဲ့ မေးခွန်းထုတ်တတ်တဲ့အလေ့အကျင့်ကိုအားပေးတဲ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ပညာရေးစနစ်တွေထဲကတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့နီးတဲ့ ထိုင်းနိုင်ငံမှာ Liberal Arts ကို သင်ယူခဲ့တာပါ။
မြန်မာနိုင်ငံရဲ့အစိုးရသစ်လက်ထက်မှာ အခြေခံပညာသင်ရိုးတွေ ပြောင်းလဲဖို့လုပ်တာ၊ ကလေးသူငယ်စာပေတွေကို အားပေးတာတွေ့ရလို့ ၀မ်းသာမိပါတယ်။ အဆင့်မြင့်ပညာရေးစနစ်မှာလည်း နိုင်ငံတကာအဆင့်မီတဲ့ပညာရေးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆန္ဒ ပြုပါတယ်။
 
၈။ မြန်မာနိုင်ငံမှာရှိတဲ့ ယခုခေတ်လူငယ်တွေ သင်တန်းတွေအများကြီးတက်တဲ့အပေါ် ဘယ်လိုမြင်လဲ။ နိုင်ငံခြားမှာ ကျောင်းသွားတက်မဲ့ ကျောင်းသား၊ သူတွေအတွက် ဘယ်လိုသင်တန်းမျိုးတွေက အထောက်အကူပြုလဲ။
ရည်ရွယ်ချက်ရှိရှိ သင်တန်းတက်တာအကောင်းဆုံးပါ။ ရည်ရွယ်ချက်မရှိရင်တော့ အဖိုးတန်လှတဲ့ အချိန်နဲ့ငယ်ရွယ်မှုကို ဖြုန်းတီး ပစ်နေတာဖြစ်ပါလိမ့်မယ်။ သင်တန်းတစ်ခုတက်မယ်ဆိုရင် ပေါ်ပင်ဖြစ်လို့၊ ဟိုလူတက်လို့၊ ဒီလူတက်လို့လိုက်တက်တာမဟုတ်ဘဲ ကိုယ့်အတွက် ဘယ်လောက်အသုံးဝင်မလဲ၊ အထောက်အပံ့ပေးမလဲ၊ သင်တဲ့ဆရာတွေအရည်အချင်းပြည့်မီရဲ့လား၊ ရလာမဲ့လက်မှတ်က ရော ကြေညာထားတဲ့နိုင်ငံ၊ အဖွဲ့အစည်းကပေးတာဟုတ်ရဲ့လား၊ သင်ကြားပုံ၊ သင်ကြားနည်းရော ကောင်းမွန်ရဲ့လား စတဲ့မေးခွန်းတွေကို မေးကြည့်ဖို့၊ ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
နိုင်ငံခြားသွားမှာဖြစ်တဲ့အတွက် ကိုယ်သွားမဲ့နိုင်ငံရဲ့ဘာသာစကားကိုတော့ ရေး၊ ဖတ်၊ ပြော၊ နားထောင် (4 Skills) အကုန်လုံး ကျွမ်းကျင်နေရင် အကောင်းဆုံးပါပဲ။ ကျောင်းဝင်ခွင့်မရသေးဘူးဆိုရင်တော့ ကျောင်းကလိုအပ်ချက်တွေဖြစ်တဲ့ TOEFL, IELTS, SAT စတဲ့ Test တွေအတွက် အထောက်အပံ့ပေးတဲ့ သင်တန်းတွေတက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် MSI နဲ့ သေချာဆွေးနွေးပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းပါတယ်။
 
 
 
 

Comments

There are no comments

Posting comments after three months has been disabled.